Monday, May 16, 2016
ဆပ်​ကပ်
ဆပ်ကပ်
=======
လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးမကျယ်တဲ့၊အမည်မဖော်တဲ့၊အမှတ်တရပြုမနေတဲ့
အကြင်နာ၊မေတ္တာ အပြုအမူလေးများပါ။
ကျွန်တော် လူပျိုပေါက်အရွယ်လောက်ကဖြစ်သည်။အဖေနှင့်ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ်တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ကြားမှာ မိသားစုတစ်ခုသာကျန်လေသည်။
သည်မိသားစုကိုကြည့်ပြီး ကျွန်တော်သဘောကျနေမိသည်။
ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ ၁၂ နှစ်ပြည့်သေးပုံမရ။သူတို့အသွင်အပြင်တွေကြည့်ရုံဖြင့်ပင်
ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀တ်အစားတွေက အဖိုးတန်ထဲကမဟုတ်။ သို့သော် သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။သို့သော် နှုတ်ကမူ ညဘက်တွင်သူတို့ကြည့်ရမည့် ဆပ်ကပ်လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များအကြောင်းကို အားတက်သရောပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲတစ်ခါမျှကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့်အမှတ်တရဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်အမေက အုပ်စုထိပ်မှာဝမ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏မိခင်က ခင်ပွန်းသည်၏လက်ကိုကိုင်လျက် သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ`မေ့ချစ်သူ သူရဲကောင်းကြီး´ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှုလက္ခဏာတွေအပြည့်ပါလာသည်။ ခင်ပွန်းသည်ကလည်း`အားကိုးစမ်းပါ အချစ်ရယ်´ဟု ခွန်းတုံ့ပြန်နေသည့်နှယ် ဂုဏ်ယူသောအပြုံးနှင့် ချစ်ကြည်နူးစွာကြည့်သည်။
သည်အခိုက် လက်မှတ်ရောင်းသောအမျိုးသမီးက အဖေလုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။
`ကျွန်တော် ကလေးလက်မှတ်ရှစ်စောင်နဲ့လူကြီးလက်မှတ်နှစ်စောင် လိုချင်ပါတယ်၊ အဲဒါမှ ကျွန်တော်တို့ တစ်မိသားစုလုံးလာလို့ရမှာ´ သူက တက်တက်ကြွကြွပင်ဖြေသည်
အမျိုးသမီးက လက်မှတ်ခနှုန်းထားများ လှမ်းပြောသည်။
ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လာသည်။ သူ့ရှေ့သို့ အနည်းငယ်တိုးကာ`ဘယ်လောက်ဗျာ´ ဟူ၍မေးသည်။
လက်မှတ်ရောင်းသောအမျိုးသမီးက ဈေးနှုန်းတွေထပ်ပြောသည်။
အဖေလုပ်သူမှာ ပိုက်ဆံအလုံအလောက်မပါ။
သို့သော် သည်အချိန်ကျမှ သူနောက်ဘက်သို့လှည့်ကာ ကလေးတွေကို အဖေ့မှာပိုက်ဆံအလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာမဟုတ်ဘူးဟု သူဘယ်သို့ပြောထွက်ပါနိုင်မည်နည်း။
ဖြစ်ပျက်ပုံ အလုံးစုံကိုမြင်ကာ ကျွန်တော့်အဖေအကျီင်္အိတ်ထဲလက်နှိုက်သည်။ ဒေါ်လာ ၂၀ တန်တစ်ရွက်ထုတ်လာပြီးနောက် မြေကြီးပေါ်အသာပစ်ချသည်။
(ကျွန်တော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြောလိုပါသည်။) ထို့နောက်အဖေပဲ သည်ပိုက်ဆံကိုပြန်ကောက်ကာ ကလေးများဖခင်ပခုံးကိုသွားပုတ်ပြီးပြောသည်။
`ဒီမှာခင်ဗျ၊ စောစောကခင်ဗျားအိတ်ထဲက ထွက်ကျသွားတယ်´
အဖေဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ်ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သှူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော်သည်လိုအသည်းအသန်အရေးတကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့် အရှက်ကြီးရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူစူးစိုက်၍ကြည့်သည်။ ဒေါ်လာ ၂၀ တန်ကိုင်ထားသော အဖေ့လက်ကို သူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းနှင့် ကျေးဇူးတင်စကားဆိုသည်။
`ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ့်ကိုကျေးဇူးပါပဲ၊ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ´ သည်လိုပြောရင်း သူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။
အဖေနှင့်ကျွန်တော် ကားဆီသို့လှည့်ပြန်ကာ အိမ်သို့ပဲမောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည် အချည်းနှီးညတော့ လုံးဝမဟုတ်ခဲ့။
[မူရင်း။      ။ Dan  Clark ၏ The  Circus]
( ဆရာဖေမြင့်၏  နှလုံးသားအာဟာရစာအုပ်မှ  ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)
No comments:
Post a Comment