Wednesday, May 25, 2016

နှလုံး​ရောဂါ

လူတွေသက်တမ်းစေ့မနေရအောင်
အများဆုံးသတ်နေတဲ့အရာက နှလုံး ဖြစ်ပါတယ်။

နှလုံး ရုတ်တရက် ရပ်မသွားအောင်
ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို
မိနစ်ဝက် ၃ ကြိမ်နဲ့ နာရီဝက် ၃ ကြိမ်
အချိန်ပေးရပါမယ်။

" မိနစ်ဝက် ၃ ကြိမ် "
၁။မနက်အိပ်ယာ စနိုးတဲ့အခါ ချက်ချင်း မထပါနဲ့
မိနစ်ဝက် ဆက်လှဲနေပါ။
၂။မိနစ်ဝက်လှဲပြီးလျင် မိနစ်ဝက် ထိုင်နေပါ။
၃။မိနစ်ဝက်ထိုင်ပြီးလျင် မိနစ်ဝက် ရပ်နေပါ။

ပြီးပါပြီ တနေ့အတွက် မိနစ်ဝက် ၃၀ စက္ကန့် ၃ မျိုး။
တနေကုန်လွတ်လွတ်လပ်လပ်နေနိုင်ပါပြီ။
အဲဒီလောက်လုပ်နိုင်ရင်ဘဲ နှလုံးမထိခိုက်တော့
ဘူးလို့ သိရပါတယ်။ လူကြီးတွေကိုပြန်ပြောပြ
ပေးကြပါခင်ဗျာ။ မိနစ်ဝက်တိုင်းမှာ အာနာပါန
ဝင်လေထွက်လေ ရှုနေမယ်ဆိုရင် ပိုကောင်းမယ်လို့
ဖြည့်စွက်ပြောချင်ပါတယ်။ ကျမ္မာရေးအတွက်
နာရီဝက် ၃ မျိုးဆက်ပြောပါမယ်။

" နာရီဝက် ၃ ကြိမ် "
၁။အိပ်ယာထ နာရီဝက် ကိုယ်လက်လှုပ်ရှားပါ။
၂။နေ့လည်ခင်း နာရီဝက် အိပ်ပါ။
၃။ညအိပ်ယာမဝင်ခင် နာရီဝက် ကိုယ်လက်လှုပ်ရှားပါ

နာရီဝက် ၃ မျိုးက လူငယ်တွေအတွက်မသိသာ
ပေမဲ့ ၃၀ ကျော်အရွယ်တွေအတွက် ကျမ္မာရေး
အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်
ကာကွယ်ခြင်းက အကျိုးကျေးဇူးပိုများမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ လူကြီးသူမများကို ပြန်ပြောခြင်းဖြင့်
ဇီဝိတဒါန ကုသိုလ်ယူကြပါခင်ဗျား။

ကျမ္မာချမ်းသာကြပါစေ

ပေါ်တင့်
(22-10-2015)

(မောင်မောင်လှိုင်-အပ်စိုက်ကု ရေးသားသော
ကျန်းကျန်းမာမာသက်တစ်ရာ~စာအုပ်ကို
မှီငြမ်းပါသည်။)

Paw Tint ဖေ့ဘွတ်မှ


Tuesday, May 24, 2016

စိတ်တွေညစ်ညူးပြီး အလိုမကျဖြစ်နေသူတွေ အတွက်ပါ။

စိတ်အလိုမကျ ဖြစ်နေတဲ့အချိန်မှာ ဒီ (၁၄) ချက်ကို သတိရပါ

==========================================

#စိတ်တွေညစ်ညူးပြီး အလိုမကျဖြစ်နေသူတွေ အတွက်ပါ။

၁ - တစ်ယောက်ယောက်ကို ပြုံးသွားအောင်လုပ်ပါ

၂ - ဖုန်းကိုပိတ် ဘာကိုမှဂရုမစိုက်ဘဲ တိတ်ဆိတ်စွာနေပါ

၃ - အခြားလူတွေ ကိုယ့်ကိုယ်ဘယ်လိုထင်လဲ ဂရုစိုက်စရာမလိုဘူး

၎ - သဘောထားချင်း မတူကြတာပဲ၊ မတူခွင့်ရှိပါတယ်

၅ - လူတွေကိုမုန်းတာကို အလုပ်ကြီးတစ်ခုလို မလုပ်နဲ့။ ကိုယ့်အချိန်တွေနှမြောစရာ

၆ - သင့်ကိုပျော်စေတဲ့လူတွေဆီ ဖုန်းဆက်

၇ - အိပ်ရေးဝဝအိပ်

၈ - အတိတ်မှာဘဲ မနေနဲ့

၉ - အစားအသောက်သစ်၊ သင်တန်းသစ်၊ အသစ်တွေကို စမ်းကြည့်

၁၀ - အရာရာတိုင်း လိုက်ထိန်းချုပ်မနေနဲ့

၁၁ - တစ်ခါတစ်ခါတစ်လေ မလုပ်နိုင်ကြောင်း ငြင်း

၁၂ - သဝန်တိုတာနဲ့ပဲ အချိန်တွေမဖြုန်းနဲ့

၁၃ - ကိုယ့်ခံစားချက်ကို ကိုယ်ရိုးသားပါ

၁၄ - အရာတိုင်းက အမြဲပြောင်းလဲနေတယ်ဆိုတာ မမေ့ပါနဲ့

Credit - Duwun

မဟာနွယ်(မြနန်း)မှ


၁၅ ရာစုတုန်းက ဂျာမဏီမှာ တကယ့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကလေးတခုပါ

၁၅ ရာစုတုန်းက ဂျာမဏီမှာ တကယ့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကလေးတခုပါ

ဂျာမဏီနိုင်ငံ Nuremberg မြို့လေးမှာ မိသားစုတစုရှိတယ်။ အဲ့မိသားစုဟာ အဖေအမေအပါအ၀င် ကလေး ၁၈ ယောက်ရှိတယ်။ များပြားလှတဲ့ မိသားစု ထမင်းစားပေါက်အတွက် အဖေခင်ဗျာ တစ်ယောက်တည်း ရွှေတွင်းတူးရင်း အလုပ်အကျွေးပြုရရှာတယ်။

သူတို့မိသားစုမှာ အကြီးဆုံး အစ်ကို နှစ်ယောက်က ရည်မှန်းချက်ကိုယ်စီ ရှိကြတယ်။ သူတို့ရည်မှန်းချက်ကတော့ မြို့က Art Academy တခုကို တက်ချင်ကြတာပါပဲ။ သို့သော် ဖခင်၏ မိသားစုကိုတောင် အနိုင်နိုင် ရှာကျွေးနေရတဲ့ ဘ၀ကို သိတယ်။ ဖခင်မှာ သူတို့ကို ကျောင်းထားဖို့ ပိုက်ဆံ မရှိဘူးဆိုတာ သိတယ် အဲတာကြောင့် ညီနှစ်ကို နှစ်ယောက် ငွေဒင်္ဂါး ခေါင်း
ပန်းလှည့်ပြီး ရွေးမယ် နိုင်သူက ကျောင်းတက်၊ ရူံးသူက ရွှေတွင်းတူးပြီး ကူ၊ ၄ နှစ်တက်ပြီးရင် ရူံးသူက ကျောင်းဆက်တက်၊ ကျောင်းပီးသူက ပန်းချီရောင်းစားပြီးကူ ဆိုပြီး သဘောတူက ညီအစ်ကိုနှစ်ယောက် ခရစ်ယာန်ကျောင်းထဲမှာ ခေါင်းပန်လှည့်တော့ ညီဖြစ်သူက ရူံးပြီး အကိုက နိုင်တော့ ဂတိအတိုင်း ညီက ရွှေတွင်းတူးပြီး အကိုကို ထောက်ပံ့တယ်။

အကိုဖြစ်သူလည်း အားကြိုးမာန်တက် ကြိုးစားတယ် ၄ နှစ်လုံးလုံး မှာ ကျောင်းက ဆရာတွေထက် တော်တယ်။ သူ့လောက် အဲ့မြို့မှာ ဘယ်သူမှ ပန်းချီနေရာမပြိုင်နိုင်လောက်အောင်ကို တော်သွားတယ်။ ၄ နှစ် ကျောင်းပြီး တော့ အိမ်ပြန်ပြီး အိမ်မှာ စားသောက်ပွဲကျင်းပကြပြီး အကိုဖြစ်သူမှ ညီကို ကောင်းချီပေးပြီး ၄ နှစ်လုံးလုံး ကူညီခဲ့အတွက်ပေါ့။ သည်တခါ ညီအလှည့်ကျောင်းတက် တော့ ကွာ ဆိုပြီး ပြောတော့ ညစာစားပွဲမှာ အားလုံး တိတ်နေကြတယ်။

အဲ့တော့ အစ်ကိုလုပ်သူက ညီကိုမေးတယ် "ဘာဖြစ်တုန်း မတက်ချင်ဘူးလားပေါ့ " အဲ့မှာ သူ့ညီက လက်ကို စားပွဲပေါ်တင်ပြတယ်။ ပြီးတော့ ဘာပြောလဲဆိုရင် မဟုတ်ဘူး အစ်ကို ကျနော် ကျောင်းတော့ တက်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လက်တွေက ကျနော်ရဲ့ စိတ်ကူးတွေကို ပုံဖော်ပေးနိုင်တော့မှာ မဟုတ်ဘူး " အစ်ကိုလုပ်သူက စိတ်မကောင်းဖြစ်သွားတယ်။ ၄ နှစ်လုံးလုံး ရွှေတွင်းတူးတဲ့ ဒဏ်ကြောင့် လက်ရိုးတွေ ကျိုးသွားပြီး၊ သူ့ ညီ ညာဘက်လက်တစ်ချောင်းလုံးလည်း အဆစ်ရောင်ရောဂါ စွဲကပ်သွားခဲ့လေပြီ။ ဒါပေမယ့် သူ့ညီဟာ သူ့အကိုကြောင့် ဆိုပြီး ညည်းခြင်း မရှိပါဘူး။ ၄ နှစ်လုံးလုံး အဲ့ရောဂါအကြောင်း သိရင် အစ်ကိုလုပ်သူက ပညာကို ဆုံးခန်းမသင်ရမှာစိုးလို့ပါတဲ့။

အစ်ကိုကတော့ ဂျာမဏီမှာ သူ့ခေတ်သူ့အခါက ဘုန်းမီးနေလထွန်းပေါက် ခဲ့တဲ့ ပန်းချီပညာရှင် Albrecht Durer ပဲ ဖြစ်ပါတယ်။ သူ့ညီရဲ့ အလုပ်ကို အသိအမှတ်ပြု သည့်အနေနဲ့ သူ့ညီကိုင်ခဲ့သည့် ပေါက်ချွန်းတွေ ကိရိယာ တွေကို ယခုအခါထိ ကမ္ဘာပေါ် ရှိ ပြတိုက်အနှံအပြားမှာ ပြသခဲ့ပါတယ်။

အောက်က လက်ပန်းချီဟာလည်း သူ့ညီကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွဲခဲ့တဲ့ နာမည်ကြီး The praying Hands ပန်းချီပါပဲ။

Admin-MM

သုတစွယ်စုံကျမ်း


ကျွဲ ၃ ကောင် နှင့် လူငယ်

ကျွဲ ၃ ကောင် နှင့် လူငယ်
--------------------

မိန်းမပျိုလေးတစ်ယောက်ကို လူငယ်တစ်ယောက်က လာပြီးတော့ လက်ထပ်ခွင့်တောင်းသတဲ့။ မိန်းမပျိုရဲ့ ဖခင်က လူငယ်ကို ပြောတယ်။

"ကျွဲ ၃ ကောင် အရမ်းအပြေးသန်သလားမမေးနဲ့။ အဲ့ဒီ ၃ ကောင်ကို တစ်ကောင်စီ မောင်ရင့်ဆီကို တည်လွှတ် ပေး မယ်။ မောင်ရင် လုပ်ရမှာက ကျွဲတစ်ကောင်ကောင်ရဲ့ အမြီးကို ဖမ်းဆုပ်မိ ဖို့ပဲ။ မိခဲ့ရင် ကျုပ်သမီးကို မောင်ရင့် လက်ထဲ ထည့်မယ်။"

ဒါနဲ့သဘောတူပြီးတော့ လူငယ်ဟာ ခြံထိပ်ကစောင့်ပြီး ဖမ်းဖို့ ပြင်နေလိုက်တယ်။

ပထမဆုံးကျွဲတစ်ကောင်ဒုန်းစိုင်းပြီးပြေးဝင်လာတယ်။ လူငယ် ဟာ ကျွဲကိုကြည့်ပြီးတော့ ကြောက်တာနဲ့ ဒီကောင်တော့ သွားပစေ့ဦး။ နောက်အကောင်တော့ နည်းနည်း သေးသေး လာလောက်တယ် ဆိုပြီး ကြံလို့ လက်လွှတ်လိုက်တယ်။

ဒုတိယ ကျွဲလဲ သိပ်မကြာခင် ကဆုန်ပေါက်ပြီး ဝင်လာပြန် တယ်။ စောစောက ကျွဲရဲ့ ၂ ဆလောက် ရှိတယ်။ ချွေးစီးတွေ နဲ့လူငယ်ဟာ ကဲကွာ နောက်ဆုံးကောင်ကိုတော့ ဘယ် လောက် ကြီးကြီး ဖမ်းပစ်မယ်။ ဒီအကောင်ကတော့ တော်ပါပြီ လို့ တွေးပြီး လက်လျှော့လိုက်ပြန်တယ်။

တတိယကျွဲ တော်တော်ကြာတော့မှ ထွက်လာတယ်။ သိပ် မပြေးနိုင်။ ပိန်ချုံးလို့။ လူငယ်ဟာ ပျော်သွားတယ်။ အနီး ရောက် တော့ အသာအယာ ကျွဲမြီးကိုလှမ်းဆွဲလိုက်တယ်။

ကံဆိုးချင်တော့ တတိယကျွဲက အမြီးပြတ်နေတယ်။

သင်ခန်းစာ။ ဘယ်တော့မှ အခွင့်အရေးဆိုတာ အကြိမ်ကြိမ် လာတယ် မထင်ပါနဲ့။ ရသမျှ အခွင့်အရေးကို လက်မလွှတ် တမ်း ဆုပ်ကိုင်ဖို့ ကြိုးစားပါ။ မဟုတ်ပဲနဲ့ လျှောက်ရွေးချယ် မိရင် အမြီးမပါတဲ့ တတိယကျွဲလို အကောင်သာ ကိုယ့်အတွက် ကျန်လိမ့်မယ်။

- မှတ်စုကြမ်း #kyawnge


Monday, May 23, 2016

မိတ်ဆွေ (၃) မျိုး

မိတ်ဆွေ (၃) မျိုး
˘˘˘˘˘˘˘˘˘˘˘˘
လောကမှာ မိတ်ဆွေသုံးမျိုး ရှိတယ်

(၁)
ပထမ တစ်မျိုးက ကိုယ့်ကို ချစ်တဲ့သူ ….
သူနဲ့  တွေ့ ကြုံဆုံဆည်းရရင်တော့ စိတ်နှလုံး ချမ်းမြေ့ရတယ်

(၂)
ဒုတိယ တစ်မျိုးက ကိုယ့်ကို မုန်းတဲ့သူ ….
သူနဲ့  တွေ့ တဲ့အခါကြတော့လည်း ကိုယ်က သတိထား၊ သတိရှိတဲ့သူ ဖြစ်လာတယ်
ကိုယ့်ကို မုန်းတဲ့သူဟာ ကိုယ့်အားနည်းချက်ကို အမြဲစောင့်ကြည့်နေတော့ ကိုယ်က သတိထားရင်း သတိရှိလာတယ်

(၃)
တတိယ တစ်မျိုးကတော့ ကိုယ့်ကို ဥပေက္ခာပြုတဲ့သူ ….
သူကတော့ ကိုယ့်ကို စိတ်မဝင်စားဘဲ ကိုယ်ဘာဖြစ်ဖြစ် ဘယ်လိုမှ မခံစားတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့သူ ဖြစ်လာတယ်
ကိုယ့်ကိုယ်ကို ကြိုးစားလုပ်ဆောင်တတ်တဲ့သူ ဖြစ်အောင် သူက ညွှန်ပြပေးတယ်

♦︎♦︎♦︎♦︎♦︎♦︎♦︎

ဒါကြောင့် သူတို့ သုံးမျိုးလုံးဟာ မိတ်ဆွေတွေပဲ ဖြစ်တယ်
သူတို့ ဟာ တကယ်တော့ သင့်အတွက် ကျေးဇူးတင်စရာကောင်းတဲ့ သူတွေ ဖြစ်တယ်

(ဆရာနန္ဒာသိန်းဇံရဲ့  မိတ်ဆွေအပေါင်းအသင်းနှင့် ခရီးသွားခြင်းမှ ကောက်နှုတ်ချက်)


ကျွန်တော်နဲ့ ဖယောင်းတိုင်

ကျွန်တော်နဲ့ ဖယောင်းတိုင်
•°•°•°•°•°•°•°•°•°•°•°•°•°

အမှောင်ကျနေတဲ့ အခန်းငယ်တစ်ခုမှာ အလင်းပေးနိုင်ဖို့ နှစ်နည်းရှိတယ် ဆိုပါစို့။ တစ်နည်းက ဖယောင်းတိုင်နဲ့ အလင်းပေးလို့ ရသလို ဖယောင်းတိုင်အလင်းကို တဆင့် မှန်နဲ့ အလင်းပြန်စေပြီး ပေးလည်း ရတာပါပဲ။

ဖယောင်းတိုင်လို အလင်းပေးတဲ့လူကတော့ နည်းနည်းတော့ လောင်ကျွမ်းခံ ရပေမယ့် အလင်းပေးရတဲ့ ပီတိနဲ့ ခံစားချက်ကို ခုံမင်မိနေဆဲပါ။ ဖယောင်းတိုင် ငြိမ်းလို့ မှောင်သွားတာထက် လောင်ကျွမ်းခံရတာကို ကျေနပ်တယ်။ ဆက်လောင်ကျွမ်းဖို့အတွက် အားအင်တွေ အများကြီး လိုတယ်။ ကြိုးစား ရှာဖွေစုဆောင်းရင်း အလင်းရောင် မျှဖို့ အားအင်တွေ ရှိနေမှ ဖြစ်မယ်။

ပူလောင်ပေမယ့် စွမ်းအင်တွေ ရှိတယ်။ ရက်ရက်စက်စက် ပျော်ကျနေသယောင်နဲ့ ပျော့ပြောင်းတယ်။ ကိုင်တွယ်ရတာ သတိထားရပေမယ့် အသုံးပြုတတ်ရင် လိုရာပုံဖော်လို့ရတယ်။ ဒါပေမယ့် အသေအချာ စနစ်တကျ အကျိုးရှိအောင် ဘယ်လိုသုံးရမှန်း သေချာမသိရင်တော့ ဖယောင်းတိုင်လေးတစ်တိုင်ဟာ သိပ်ပူလောင်စေပါတယ်။

ဖယောင်းတိုင်လေးတစ်တိုင် ဖြစ်ချင်တာ ကျွန်တော့် အိပ်မက်ပါ။

သင်ကရော ဘယ်လို အလင်းပေးချင်တဲ့လူမျိုး လဲ?
ဖယောင်းတိုင်လား?
မှန်လိုမျိုးလား?

ဖယောင်းတိုင်လေးတစ်တိုင်ဟာ လောင်ကျွမ်းဖို့ ကြိုးစားနေဆဲပါ။

Credit;htetzanlinn


အနမ်းတစ်ထောင်

အနမ်းတစ်ထောင်
===============

အဲဒီအချိန်တုန်းကတော့ သူဟာဒေါသတွေနဲ့ တုန်ရီနေခဲ့တာပေါ့။ ဒီနှစ်ခရစ်စမတ်အတွက် ခရစ်စမတ်သစ်ပင် တစ်ပင်ကို သူဝယ်လာခဲ့တယ်။ ပြီးတော့ လှပပြီး တန်ဖိုးကြီးတဲ့ ရွှေရောင်စက္ကူလိပ်တစ်လိပ်ကိုပါ သူဝယ်လာခဲ့တယ်။ ပြီးတော့ ခရစ်စမတ်သစ်ပင်မှာ သူအလှဆင်မယ်။ ပြီးတော့ သမီးကလေးရယ်၊ သူရယ် ခရစ်စမတ်ညကို အတူတူ ဖြတ်သန်းမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ခုတော့ သူဝယ်လာတဲ့ ရွှေရောင်စက္ကူတွေဟာ ခရစ်စမတ်သစ်ပင်လေးရဲ့ ခြေရင်းမှာ အပိုင်းပိုင်း စုတ်ပြဲပြီး တစ်စစီ ပြန့်ကြဲနေခဲ့တယ်။ ဒါ သူ့သမီးရဲ့ လက်ချက်ဆိုတာ သူတန်းပြီးသိလိုက်တယ်။ အဖေတစ်ခု သမီးတစ်ခုဘ၀မှာ အခြားသူမှ မရှိဘဲလေ။

တကယ်တော့ ငွေကြေးကို ခက်ခဲစွာရှာဖွေရတဲ့ သူ့အတွက်တော့ ဒီစက္ကူလိပ်က တန်ဖိုးကြီးလှတယ်။ ပြီးတော့ နောက်နှစ်မှာကျောင်းနေရမယ့် သူ့သမီးကလေးအတွက်လည်း သူစုဆောင်းရဦးမယ်။ နောက်ထပ် စက္ကူလိပ် တစ်လိပ်ကို သူ့အနေနဲ့ ထပ်ပြီးမ၀ယ်နိုင်တော့တာတော့ သေချာတယ်။

"သမီး၊ လာခဲ့စမ်း"
လို့ သူအသံကုန်အော်ခေါ်ပစ်လိုက်တယ်။

သူ့သမီးကတော့သူ့ရှေ့ကို ခေါင်းငုံ့ပြီးရောက်လာတယ်။
"ဒါ နင်လုပ်ထားတာမလား၊"
"------- "

သူသမီးမျက်နှာပေါ်မှာတော့ ကိစ္စတစ်ခုကို စိတ်တိုင်းကျလုပ်လိုက်ရတဲ့အတွက် အားရကျေနပ်နေတဲ့ မျက်နှာသွင်ပြင်ကို သူအကဲဖမ်းမိလိုက်တယ်။ အဲဒီအမူအရာက သူ့ကို ပိုပြီးဒေါသထွက်စေတယ်။

"ညနေထမင်းမစားခင်အချိန်အထိ ဒီနေရာမှာလက်ပိုက်ပြီး မတ်တတ်ရပ်နေရမယ်၊ တစ်နေရာရာသွားတာတို့၊ ထိုင်တာတို့လုပ်လို့ကတော့ သေပြီပဲ"

သူအဲဒီလိုပြောရင်း သမီးကို ဒဏ်ပေးလိုက်တယ်။ အဲဒီနေ့ညနေရဲ့ ထမင်းဝိုင်းမှာတော့ ငိုမဲ့မဲ့ဖြစ်နေတဲ့ သူ့သမီးမျက်နှာကို သူတွေ့လိုက်ရတယ်။ ဒါပေမယ့် တစ်စုံတစ်ရာနှစ်သိမ့်မှုတော့ သူမပေးဖြစ်ခဲ့။ သားအဖနှစ်ယောက်ရဲ့ ထမင်းဝိုင်းက တိတ်ဆိတ်စွာပဲပြီးခဲ့ရတယ်။

နောက်တစ်နေ့ မနက်စောစောသူထခဲ့တယ်။ ထုံးစံအတိုင်း ရေမိုးချိုးပြီး မနက်စာချက်ပြုတ်ဖို့အတွက် မီးဖိုခန်းထဲကို သူဝင်လာခဲ့တယ်။ မီးဖိုခန်းဝမှာတော့ ရွှေရောင်ဘူးကလေးတစ်ခုကိုကိုင်ပြီး သမီးကလေးက သူ့ကို ရပ်စောင့်နေတာကို သူတွေ့လိုက်ရတယ်။
"ဒါ ဖေဖေ့အတွက် လက်ဆောင်"
လို့သူ့သမီးကလေးကပြောပြီး ရွှေရောင်ဘူးကလေးကို သူ့လက်ထဲကိုထည့်လိုက်တယ်။ မနေ့က ပျက်စီးသွားတဲ့ ရွှေရောင်စက္ကူလိပ်ဟာ ဒီဘူးကလေးလုပ်ဖို့အတွက်ဆိုတာကို သူချက်ချင်းသဘောပေါက်သွားတယ်။ သူ့စိတ်ထဲမှာ သူ့သမီးကို ဒဏ်ပေးခဲ့တာအတွက် စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဘူးကို သူဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့သမီးကို ပိုပြီးတော့တောင် သူစိတ်တိုသွားပြန်တယ်။ ဘူးလေးဟာ ဘာတစ်ခုမှထည့်မထားတဲ့ အခွံသက်သက်ပဲ ဖြစ်နေခဲ့တယ်။
"နင်တစ်ယောက်ယောက်ကို လက်ဆောင်ပေးချင်ရင်၊ အထဲမှာတစ်ခုခုတော့ ထည့်ထားရမယ်ဆိုတာ နားမလည်ဘူးလား၊ နောင်ငါ့ကို စိတ်အနှောက်အယှက်တွေ လာမပေးနဲ့"
လို့ သူ့သမီးကလေးကို သူပြောလိုက်တယ်။

သူ့စကားအဆုံးမှာတော့ သူ့သမီးကလေးက သူ့ကိုဝမ်းနည်းစွာငေးကြည့်နေတာကို သူသတိထားမိလိုက်တယ်။ သမီးလေးရဲ့ မျက်လုံးဝိုင်းလေးတွေမှာလည်း မျက်ရည်တွေဝဲလာတာကို သူတွေ့လိုက်ရတယ်။

"သမီးရဲ့ အနမ်းတွေ ဘူးထဲမှာပါပါတယ်၊ သမီးဘူးလေးကို အကြိမ်တစ်ထောင် နမ်းထားတယ်။ အဲဒါဖေကြီးအတွက်လက်ဆောင်ပါ" လို့သမီးလေးကပြောခဲ့တယ်။

သူအရမ်းကိုဝမ်းနည်းသွားခဲ့ရတယ်။ သူ့သမီးလေးကို ပွေ့ဖက်လိုက်ပြီး သမီးရဲ့ ဆံပင်လေးတွေကို ပွတ်သတ် ချော့မြူပေးခဲ့တယ်။
"ဖေဖေ မှားပါတယ်သမီးရယ်။ သမီးကိုပြောမိခဲ့တာတွေ၊ ဒဏ်ပေးမိခဲ့တာတွေကို ခွင့်လွှတ်ပေးပါ။ သမီးလေးကို ဖေကြီးချစ်ပါတယ်" လို့ သူပြောလိုက်တယ်

အဲဒီအချိန်ကတည်းက သူတို့သားအဖနှစ်ယောက်အတွက် ၀မ်းနည်းစရာတွေ မရှိတော့ဘူးလို့ သူထင်ထားခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အရာတွေ ဖြစ်တတ်တဲ့ လောကရဲ့ သဘာဝအတိုင်း သူ့သမီးလေးဟာ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုနဲ့အတူ သူ့အနားက ထာဝရခွဲခွာသွားခဲ့ပြန်တယ်။

ခုတော့ သူ့ရဲ့ အမှတ်တရပစ္စည်းဘီဒိုရဲ့ အလုံခြုံဆုံးသောနေရာမှာ သမီးကလေးရဲ့ လက်ဆောင်ဘူးလေးကို သူ သိမ်းဆည်းထားခဲ့တယ်။ တစ်လောကလုံးမှာ တစ်ယောက်တည်းကျန်တယ်ဆိုတဲ့ အသိဝင်လာတိုင်း၊ စိတ်ဓါတ်ကျလာတိုင်း၊ အလုပ်ဖိစီးလာတိုင်း အနမ်းပေါင်းတစ်ထောင်ပါတဲ့ ဘူးကလေးကို သူထုတ်ပြီးကြည့်ခဲ့တယ်။ ဘူးလေးကိုမြင်တိုင်း သမီးကလေးရဲ့ အနမ်းတိုင်းမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားကို သူပြန်လည် ခံစားမိတယ်။ ပြီးတော့ မေတ္တာတရားလောက် ဘယ်အရာမှ နှလုံးသားကို မနွေးထွေးစေဘူးဆိုတာကိုလည်း သူသဘောပေါက်မိတော့တယ်။

-------------------

ဒါကတော့ အင်တာနက်စာမျက်နှာတစ်ခုရဲ့ "A Thousand Kisses" ဆိုတဲ့ ဇာတ်လမ်းအတိုလေးတစ်ပုဒ်ပဲ ဖြစ်တယ်။ ကျနော်တို့ဟာ တစ်ခါတစ်ရံမှာ တန်ဖိုးရှိလှတဲ့ချစ်ခြင်းတရားကို မေ့လျော့နေတတ်ကြတယ်။ ကျနော်တို့ဟာ ရွှေရောင်ဘူးကလေးနဲ့တူတဲ့ ချစ်ခြင်းမေတ္တာတွေကို မိဘနှစ်ပါး၊ ချစ်သူ၊ ဇနီးမယား၊ သား သမီး၊ သူငယ်ချင်းမိတ်ဆွေ တွေဆီက ရရှိခဲ့တယ်။ ဒါပေမယ့်လည်း လောဘ၊ ဒေါသနဲ့၊ မောဟတရားတို့ ဖုံးလွှမ်းလာတဲ့အခါမှာတော့ တန်ဖိုးရှိတဲ့အရာတွေကို မမြင်နိုင်ဘဲ တန်ဖိုးမရှိတဲ့ အခွံသက်သက်လို့ထင်မြင်လာတယ်။

အသက်ရှင်စဉ်ခဏမှာရရှိလာတဲ့ အင်မတန် တန်ဖိုးရှိတဲ့လက်ဆောင်ဟာ လောဘ၊ဒေါသတွေကြောင့်ပဲ တန်ဖိုးမဲ့လာပြန်တယ်။ ကိုယ်နဲ့ ထိုက်တန်ခြင်းမရှိတဲ့ ချစ်ခြင်းလက်ဆောင်ဟာ အချိန်ကာလရထားရဲ့ ဘီးအောက်မှာ ကျိုးကြေပျောက်ကွယ်သွားကြမှာပဲဖြစ်တယ်။ အဲဒီလို ပျောက်ကွယ်သွားတဲ့ ရွှေရောင်ဘူးကလေးကို ပြန်လည် တမ်းတမိတဲ့အချိန်မှာတော့ ကျနော်တို့ဟာ နောင်တတရားနဲ့အတူ ပူပန်ကြရမှာပဲဖြစ်တယ်။

ချစ်ခြင်းတရားကို တန်ဖိုးထားတတ်ကြပါစေ-

Creadit- ဖြိုးသုတ