အနမ်းတစ်ထောင်
===============
အဲဒီအချိန်တုန်းကတော့ သူဟာဒေါသတွေနဲ့ တုန်ရီနေခဲ့တာပေါ့။ ဒီနှစ်ခရစ်စမတ်အတွက် ခရစ်စမတ်သစ်ပင် တစ်ပင်ကို သူဝယ်လာခဲ့တယ်။ ပြီးတော့ လှပပြီး တန်ဖိုးကြီးတဲ့ ရွှေရောင်စက္ကူလိပ်တစ်လိပ်ကိုပါ သူဝယ်လာခဲ့တယ်။ ပြီးတော့ ခရစ်စမတ်သစ်ပင်မှာ သူအလှဆင်မယ်။ ပြီးတော့ သမီးကလေးရယ်၊ သူရယ် ခရစ်စမတ်ညကို အတူတူ ဖြတ်သန်းမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ခုတော့ သူဝယ်လာတဲ့ ရွှေရောင်စက္ကူတွေဟာ ခရစ်စမတ်သစ်ပင်လေးရဲ့ ခြေရင်းမှာ အပိုင်းပိုင်း စုတ်ပြဲပြီး တစ်စစီ ပြန့်ကြဲနေခဲ့တယ်။ ဒါ သူ့သမီးရဲ့ လက်ချက်ဆိုတာ သူတန်းပြီးသိလိုက်တယ်။ အဖေတစ်ခု သမီးတစ်ခုဘ၀မှာ အခြားသူမှ မရှိဘဲလေ။
တကယ်တော့ ငွေကြေးကို ခက်ခဲစွာရှာဖွေရတဲ့ သူ့အတွက်တော့ ဒီစက္ကူလိပ်က တန်ဖိုးကြီးလှတယ်။ ပြီးတော့ နောက်နှစ်မှာကျောင်းနေရမယ့် သူ့သမီးကလေးအတွက်လည်း သူစုဆောင်းရဦးမယ်။ နောက်ထပ် စက္ကူလိပ် တစ်လိပ်ကို သူ့အနေနဲ့ ထပ်ပြီးမ၀ယ်နိုင်တော့တာတော့ သေချာတယ်။
"သမီး၊ လာခဲ့စမ်း"
လို့ သူအသံကုန်အော်ခေါ်ပစ်လိုက်တယ်။
သူ့သမီးကတော့သူ့ရှေ့ကို ခေါင်းငုံ့ပြီးရောက်လာတယ်။
"ဒါ နင်လုပ်ထားတာမလား၊"
"------- "
သူသမီးမျက်နှာပေါ်မှာတော့ ကိစ္စတစ်ခုကို စိတ်တိုင်းကျလုပ်လိုက်ရတဲ့အတွက် အားရကျေနပ်နေတဲ့ မျက်နှာသွင်ပြင်ကို သူအကဲဖမ်းမိလိုက်တယ်။ အဲဒီအမူအရာက သူ့ကို ပိုပြီးဒေါသထွက်စေတယ်။
"ညနေထမင်းမစားခင်အချိန်အထိ ဒီနေရာမှာလက်ပိုက်ပြီး မတ်တတ်ရပ်နေရမယ်၊ တစ်နေရာရာသွားတာတို့၊ ထိုင်တာတို့လုပ်လို့ကတော့ သေပြီပဲ"
သူအဲဒီလိုပြောရင်း သမီးကို ဒဏ်ပေးလိုက်တယ်။ အဲဒီနေ့ညနေရဲ့ ထမင်းဝိုင်းမှာတော့ ငိုမဲ့မဲ့ဖြစ်နေတဲ့ သူ့သမီးမျက်နှာကို သူတွေ့လိုက်ရတယ်။ ဒါပေမယ့် တစ်စုံတစ်ရာနှစ်သိမ့်မှုတော့ သူမပေးဖြစ်ခဲ့။ သားအဖနှစ်ယောက်ရဲ့ ထမင်းဝိုင်းက တိတ်ဆိတ်စွာပဲပြီးခဲ့ရတယ်။
နောက်တစ်နေ့ မနက်စောစောသူထခဲ့တယ်။ ထုံးစံအတိုင်း ရေမိုးချိုးပြီး မနက်စာချက်ပြုတ်ဖို့အတွက် မီးဖိုခန်းထဲကို သူဝင်လာခဲ့တယ်။ မီးဖိုခန်းဝမှာတော့ ရွှေရောင်ဘူးကလေးတစ်ခုကိုကိုင်ပြီး သမီးကလေးက သူ့ကို ရပ်စောင့်နေတာကို သူတွေ့လိုက်ရတယ်။
"ဒါ ဖေဖေ့အတွက် လက်ဆောင်"
လို့သူ့သမီးကလေးကပြောပြီး ရွှေရောင်ဘူးကလေးကို သူ့လက်ထဲကိုထည့်လိုက်တယ်။ မနေ့က ပျက်စီးသွားတဲ့ ရွှေရောင်စက္ကူလိပ်ဟာ ဒီဘူးကလေးလုပ်ဖို့အတွက်ဆိုတာကို သူချက်ချင်းသဘောပေါက်သွားတယ်။ သူ့စိတ်ထဲမှာ သူ့သမီးကို ဒဏ်ပေးခဲ့တာအတွက် စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဘူးကို သူဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့သမီးကို ပိုပြီးတော့တောင် သူစိတ်တိုသွားပြန်တယ်။ ဘူးလေးဟာ ဘာတစ်ခုမှထည့်မထားတဲ့ အခွံသက်သက်ပဲ ဖြစ်နေခဲ့တယ်။
"နင်တစ်ယောက်ယောက်ကို လက်ဆောင်ပေးချင်ရင်၊ အထဲမှာတစ်ခုခုတော့ ထည့်ထားရမယ်ဆိုတာ နားမလည်ဘူးလား၊ နောင်ငါ့ကို စိတ်အနှောက်အယှက်တွေ လာမပေးနဲ့"
လို့ သူ့သမီးကလေးကို သူပြောလိုက်တယ်။
သူ့စကားအဆုံးမှာတော့ သူ့သမီးကလေးက သူ့ကိုဝမ်းနည်းစွာငေးကြည့်နေတာကို သူသတိထားမိလိုက်တယ်။ သမီးလေးရဲ့ မျက်လုံးဝိုင်းလေးတွေမှာလည်း မျက်ရည်တွေဝဲလာတာကို သူတွေ့လိုက်ရတယ်။
"သမီးရဲ့ အနမ်းတွေ ဘူးထဲမှာပါပါတယ်၊ သမီးဘူးလေးကို အကြိမ်တစ်ထောင် နမ်းထားတယ်။ အဲဒါဖေကြီးအတွက်လက်ဆောင်ပါ" လို့သမီးလေးကပြောခဲ့တယ်။
သူအရမ်းကိုဝမ်းနည်းသွားခဲ့ရတယ်။ သူ့သမီးလေးကို ပွေ့ဖက်လိုက်ပြီး သမီးရဲ့ ဆံပင်လေးတွေကို ပွတ်သတ် ချော့မြူပေးခဲ့တယ်။
"ဖေဖေ မှားပါတယ်သမီးရယ်။ သမီးကိုပြောမိခဲ့တာတွေ၊ ဒဏ်ပေးမိခဲ့တာတွေကို ခွင့်လွှတ်ပေးပါ။ သမီးလေးကို ဖေကြီးချစ်ပါတယ်" လို့ သူပြောလိုက်တယ်
အဲဒီအချိန်ကတည်းက သူတို့သားအဖနှစ်ယောက်အတွက် ၀မ်းနည်းစရာတွေ မရှိတော့ဘူးလို့ သူထင်ထားခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အရာတွေ ဖြစ်တတ်တဲ့ လောကရဲ့ သဘာဝအတိုင်း သူ့သမီးလေးဟာ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုနဲ့အတူ သူ့အနားက ထာဝရခွဲခွာသွားခဲ့ပြန်တယ်။
ခုတော့ သူ့ရဲ့ အမှတ်တရပစ္စည်းဘီဒိုရဲ့ အလုံခြုံဆုံးသောနေရာမှာ သမီးကလေးရဲ့ လက်ဆောင်ဘူးလေးကို သူ သိမ်းဆည်းထားခဲ့တယ်။ တစ်လောကလုံးမှာ တစ်ယောက်တည်းကျန်တယ်ဆိုတဲ့ အသိဝင်လာတိုင်း၊ စိတ်ဓါတ်ကျလာတိုင်း၊ အလုပ်ဖိစီးလာတိုင်း အနမ်းပေါင်းတစ်ထောင်ပါတဲ့ ဘူးကလေးကို သူထုတ်ပြီးကြည့်ခဲ့တယ်။ ဘူးလေးကိုမြင်တိုင်း သမီးကလေးရဲ့ အနမ်းတိုင်းမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားကို သူပြန်လည် ခံစားမိတယ်။ ပြီးတော့ မေတ္တာတရားလောက် ဘယ်အရာမှ နှလုံးသားကို မနွေးထွေးစေဘူးဆိုတာကိုလည်း သူသဘောပေါက်မိတော့တယ်။
-------------------
ဒါကတော့ အင်တာနက်စာမျက်နှာတစ်ခုရဲ့ "A Thousand Kisses" ဆိုတဲ့ ဇာတ်လမ်းအတိုလေးတစ်ပုဒ်ပဲ ဖြစ်တယ်။ ကျနော်တို့ဟာ တစ်ခါတစ်ရံမှာ တန်ဖိုးရှိလှတဲ့ချစ်ခြင်းတရားကို မေ့လျော့နေတတ်ကြတယ်။ ကျနော်တို့ဟာ ရွှေရောင်ဘူးကလေးနဲ့တူတဲ့ ချစ်ခြင်းမေတ္တာတွေကို မိဘနှစ်ပါး၊ ချစ်သူ၊ ဇနီးမယား၊ သား သမီး၊ သူငယ်ချင်းမိတ်ဆွေ တွေဆီက ရရှိခဲ့တယ်။ ဒါပေမယ့်လည်း လောဘ၊ ဒေါသနဲ့၊ မောဟတရားတို့ ဖုံးလွှမ်းလာတဲ့အခါမှာတော့ တန်ဖိုးရှိတဲ့အရာတွေကို မမြင်နိုင်ဘဲ တန်ဖိုးမရှိတဲ့ အခွံသက်သက်လို့ထင်မြင်လာတယ်။
အသက်ရှင်စဉ်ခဏမှာရရှိလာတဲ့ အင်မတန် တန်ဖိုးရှိတဲ့လက်ဆောင်ဟာ လောဘ၊ဒေါသတွေကြောင့်ပဲ တန်ဖိုးမဲ့လာပြန်တယ်။ ကိုယ်နဲ့ ထိုက်တန်ခြင်းမရှိတဲ့ ချစ်ခြင်းလက်ဆောင်ဟာ အချိန်ကာလရထားရဲ့ ဘီးအောက်မှာ ကျိုးကြေပျောက်ကွယ်သွားကြမှာပဲဖြစ်တယ်။ အဲဒီလို ပျောက်ကွယ်သွားတဲ့ ရွှေရောင်ဘူးကလေးကို ပြန်လည် တမ်းတမိတဲ့အချိန်မှာတော့ ကျနော်တို့ဟာ နောင်တတရားနဲ့အတူ ပူပန်ကြရမှာပဲဖြစ်တယ်။
ချစ်ခြင်းတရားကို တန်ဖိုးထားတတ်ကြပါစေ-
Creadit- ဖြိုးသုတ
No comments:
Post a Comment