Wednesday, June 15, 2016

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

အရမ်းကိုမှောင်မည်းနေတဲ့ လမိုက်ညတစ်ညရဲ့ သန်းခေါင်ယံအချိန်၊ ခြံကျယ်ကြီးတစ်ခြံထဲက နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်မှာ လူ(၃)ယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါးပွင့်လာတဲ့အသံကို သူတို့(၃)ယောက်လုံး ပြိုင်တူကြားလိုက်ကြရတယ်။ သရဲသိပ်ကြောက်တဲ့သူက သရဲ သရဲ သရဲ ဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့၊ သရဲကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံးတစ်ယောက်ကတော့ တုတ်တုတ်မျှမလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော်လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံကွာသွားတာကို တွေ့ရပါလိမ့်မယ်။

အခက်အခဲဆိုတာကို စိတ်ညစ်စရာလို့မြင်ပြီး ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီးဖြစ်သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲ လို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘ၀မှာ လူအများလေးစားရသူဖြစ်လာတယ်။

ဆင်းရဲကြပ်တည်းတဲ့ မိသားစုကပေါက်ဖွားလာတာချင်း တူပေမဲ့ တစ်ယောက်က ဒါကို စိတ်ထွက်ပေါက်ပေးရင်းနဲ့ လူဆိုးလူမိုက်စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေအဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်းမရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ ပညာတတ်ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ရွေးချယ်လို့ရတာက အဲဒီအဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လိုခံယူချက်မျိုးထားပြီး တုံ့ပြန်မလဲဆိုတာပါပဲ။

အားလုံးလည်း သိကြ့ပီးသားပါ၊ ဒီနေ့ခေတ်မှာ ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိကကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ၅ခုရှိပါတယ်

၁။ မိမိကိုယ်ကို သိခြင်း (Self-awareness)

လူဆိုတာ ကိုယ့်ကိုကိုယ်အပြစ်မမြင်တတ်ပါဘူး၊ ကိစ္စတစ်ခုဖြစ်လာတိုင်း ကိုယ်သာမှန်တယ် ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှုဆက်ဆံရေးမှာတော့ အဲဒီအတ္တဟာ တကယ့်အတားအဆီးပါပဲ။

မြန်မာစကားပုံတစ်ခု ရှိပါတယ်၊ မရှိတာထက် မသိတာခက် ဆိုတာပါ။ လူဟာ ကိုယ့်ဘ၀ကိုယ်သိဖို့ သိပ်ကိုလိုအပ်ပါတယ်။ ဘ၀ဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။

မိမိကိုယ်ကိုသိခြင်း ဆိုတဲ့အထဲမှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခြင်းဆိုတာလည်း အကြုံးဝင်ပါတယ်။ အဲဒီလိုကိုယ့်ကိုကိုယ် သိမနေတဲ့သူတစ်ယောက်ဟာ အလုပ်အကိုင်ရွေးချယ်တဲ့အခါ ဒုက္ခရောက်တတ်သလို၊ ကိုယ့်ကိုကိုယ် ဘာလိုအပ်နေမှန်းမသိတော့ တိုးတက်ဖို့ လမ်းစနဲ့လည်း ဝေးဝေးသွားတတ်ပါတယ်။

၂။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်း (Self-regulation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့်တည်ဆောက်ယူရပါတယ်။

ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲရောက်လာတော့ ပရော်ဖက်ရှင်နယ်ပီသအောင် နေထိုင်ရပြန်ပါတယ်၊ အဆိုတော်တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်၊ အိပ်ရေးပျက်ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရတယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်အောင် စားရသောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံမရှိသေးတဲ့အချိန်မှာ အသစ်အဆန်းလိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချူပ်တည်းရသလို၊ ပိုက်ဆံတွေရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ်ရပြန်ပါသေးတယ်။

ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။

၃။ စိတ်ဓါတ်တက်ကြွခြင်း (Motivation)

Motivation = A passion to work for the reasons that go beyond money and status

အကြိုက်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေးကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေလာရှာနေတုန်း လို့ ရဲနှစ်ယောက်ကို မေးကြည့်လိုက်တဲ့အခါ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့အလုပ်က သိပ်ကိုအရေးပါတယ်၊ ကျွန်တော်တို့သာ တခုခုမှားယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေနစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကိုအန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည် (Performance) ဟာ တခြားစီဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် "သူ့အလုပ်ကိုသူ ဘယ်လိုသဘောထားလဲ" ဆိုတာပါပဲ။

၎။ လူမှုဆက်ဆံရေး (Social skill)

ခေါင်းဆောင်မှုစွမ်းရည်၊ စည်းရုံးလှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့စိတ်ဓါတ်၊ ဒါတွေအကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး လို့ပြောလိုက်ရင် လူတွေက စကားပြောကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့ အတွေ့အကြုံမရှိလို့ စသဖြင့် ကိုယ့်ကိုကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့အခါ လူတွေနဲ့ဆက်ဆံရ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင်သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရအဆင်မပြေတော့ပါဘူး။

လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့အလုပ်တွေအပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးပါပါတယ်။

၅။ ကိုယ်ချင်းစာတရား (Empathy)

ဆရာဦးရဲမြင့်ကျော် (စာရေးဆရာ လင်္ကာရည်ကျော်)က တပည့်တွေကို မကြာခဏပြောလေ့ရှိပါတယ်၊ ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ တဲ့။

ကျွန်တော် NGO မှာ အလုပ်စ၀င်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဆီက လစာတိုးပေးဖို့အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိကထားရတာလဲ၊ ပရဟိတစိတ်ကို အရင်းခံရမှာပေါ့ လို့တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့်ကိုမှီခိုစားသောက်နေတဲ့သူဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။ ဒါပေမဲ့ သူတို့ကျတော့ အဲလိုဟုတ်မနေဘူး၊ အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲလဲနေတာ၊ အမေဖြစ်သူက အဖေ့ကို ပြုစုရင်း ကလေးအငယ်လေးတွေကို စောင့်ရှောက်နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့်တက်စေခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာတစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲတွေကိုပါ နားလည်ပေးတတ်လာတယ်။ တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် အသက်သွေးကြောဆိုလည်း မမှားပါဘူး။

ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀%ကသာ ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်မှုကြောင့် ဖြစ်ပြီး ကျန် ၉၀%ကတော့ စိတ်ဓါတ်အရည်အသွေးအပါအ၀င် တခြားသော အကြောင်းအရာတွေကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူတွေကို လုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာဆို စာမေးပွဲဝင်ခွင့်အမှတ်လို ဥာဏ်ရည်ကို တိုင်းတာထားတဲ့ရလဒ်တွေနဲ့ လူတွေရဲ့အောင်မြင်မှုဟာ လုံးဝဆက်စပ်မှုမရှိဘူးလို့ကို ဖော်ပြထားတာပါ။

ကြားဖူးတာလေး ရှိပါတယ်

A bad attitude is like a flat tire, you can't go anywhere until you change it

အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။

ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓါတ်အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။

#Dr.Phio Thiha


1 comment:

  1. ကောင်းလိုက်တဲ့ စာ ပါ ဒေါက်တာ ။

    ReplyDelete