Saturday, July 16, 2016

❆ လူ နဲ့ ကျီးကန်း ❆

❆ လူ နဲ့ ကျီးကန်း ❆
    ______________

တခါက
ကျီးကန်း တစ်ကောင်ဟာ ယာခင်းတစ်ခုကို ဖြတ်ပြီး ပြန်လာတော့ လူတစ်ယောက် နဲ့ တွေ့တယ်

တွေ့လိုက်တာနဲ့ပဋိသန္ဓာယစကားကိုဆိုလိုက်တယ်

ကျီးကန်း --- " မင်္ဂလာပါဗျာ "

လူ ---  မင်္ဂလာပါ ကိုကျီးရေ
           ခင်ဗျားတို့ နိစ္စဓူဝ ဒီလိုပဲ အစာရှာလိုက် ပြန်လာလိုက်နဲ့ ပဲလား ၊
ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ …?

ကျီးကန်း ---
          ၃၇၆ နှစ်

လူ ---   
    အမ်....... နည်းနည်း နောနော အသက်လားဗျာ 
ဒီအတွင်း ခင်ဗျား ဘာတွေ လုပ်ဖြစ်တုန်း ။

ကျီးကန်း ---
          ဘာမှ မလုပ်ခဲ့ရ ပါဘူးဗျ  ဘာတွေ များကော ထပ်လုပ် ရဦးမှာလဲ 
အစာစားတယ် 
ရေသောက်တယ်
မျိုးဆက် ပြန့်ပွား အောင် လုပ်တယ် အိပ်တယ် 
ဒါပဲပေါ့ -- အဟာတ်……

လူ ---
      ဖြစ်မှဖြစ်ရလေ ကိုကျီးကန်းရယ် 
ဒီအသက် ဒီအရွယ် အထိ ဒါနဲ့ ပဲ အချိန်ကုန်ခဲ့ သတဲ့လား 
ရှက်စရာ ဗျာ
ဒီလောက် နှစ်အကြာကြီး နေခဲ့တာတောင် ခင်ဗျားမှာ အခြား ဖွံ့ဖြိုးမှု ဘာမှ မရှိတော့ဘူးလား

အံ့ပါ့…… မိုက်ပါ့

ကျီးကန်း ---
         အိမ်း ………
အဲလိုတော့လဲ ဘယ်ဟုတ် ပါ့မလဲလေ 
အသိဥာဏ် ဆိုတဲ့ဟာက အသက် ရှည်တိုင်း အသက် ကြီးတိုင်း ရနိုင်တာမျိုး ရယ်မှ မဟုတ်တာ လေ့လာမှု သင်ယူ မှတ်သားမှုနဲ့လဲ ဆိုင်သေးတာကိုး ဗျ

လူ ---
        ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ  အသက် ၃၇၆ နှစ် ဆိုတာ
လောက မှာ တော်တော်ကြီး ကို ကြာရှည်တဲ့ နှစ်ဗျ
ကျုပ်သာ အဲလိုနေရမယ် ဆိုရင် တက္ကသိုလ် မှာ ပညာစုံ အတတ်စုံသင်ပြီးလောက်ပြီ  အိမ်ထောင် လည်း အခါ နှစ်ဆယ် လောက် ကျနေလောက်ပြီ  အသက်မွေးဝမ်းကျောင်းမှု လည်း စုံလောက်ပြီ 
ရာထူးတွေ လည်း တက်ပြီ စီးပွားရှာရင် ကျိကျိတက် သူဋ္ဌေး ဖြစ်လောက်ပြီ 
ဘဏ်မှာ ငွေတစ်ရာ ကို တစ်မတ်နှုန်း နဲ့ စုရင်တောင် ခုလောက်ဆို သန်းပေါင်း ရာချီ နေလောက်ပြီ
ခင်ဗျား အဲ့သလောက် ပိန်းရသလားဗျာ 

အင်းလေ -- ဒါကြောင့်မို့လဲ ကျီးကန်း ဖြစ်နေရတာ ထင်တယ်

ကျီးကန်း ---
            အမလေးဗျာ……  ဟာဟ
ကျုပ်ကဖြင့် မရှက်သေးဘူး  ကျုပ်တို့ ကျီးကန်းတွေ နေတဲ့
အနှစ် သုံးရာဟာ ခင်ဗျားတို့
လူတွေ နေတဲ့ အနှစ်သုံးဆယ် နဲ့ပဲ နှိုင်းကြည့်ပါဦး
ခင်ဗျားတို့ နှစ်သုံးဆယ် အတွင်း
လုပ်ခဲ့တဲ့ မိုက်မဲမှုမျိုး ကျုပ်တို့ဆီမှာ
တစ်ခါမှ မရှိဘူးဗျ 
ကျုပ်တို့ ကျီးကန်းတွေ အချင်းချင်း စစ်မတိုက်ဘူး 
ငွေတိုး ချေးမစားဘူး
ဘဏ်တိုက်မှာ ငွေမစုဘူး
ဘော်လုံးမလောင်းဘူး
ချဲမထိုးဘူး
စိတ်ကြွဆေးမရောင်းဘူး
ပါတီမထောင်ဘူး
တက္ကသိုလ် ပညာရပ်တွေ မရှိဘူး
အသိတွေ အတတ်တွေက ၀င်တဲ့
မာနတွေ မရှိဘူး
အချင်းချင်း ခြိမ်းခြောက် ငွေမညှစ်ဘူး 
အပေါစား ကဗျာ တွေ ၀တ္ထုတွေ မရေးဘူး
ကျီးကန်းမ တွေက
လင်သားကို သစ္စာမဲ့တာ မရှိဘူး
ကျီးကန်းထီး တွေကလည်း
ကိုယ့် အိမ်သူ သက်ထား အပေါ်
ဖောက်ပြားတာ မရှိဘူး
ကပ်ဖား ရပ်ဖား မရှိဘူး
ခြောက်တွန်းမယ့် သူ မရှိဘူး 
လူလိမ် မရှိဘူး 
ကြောင်သူတော် မရှိဘူး 
တတ်ယောင်ကား မပါဘူး 
ကဲ --- ပြောစမ်းပါဦး ကိုယ့်လူ

လူ………
          တိန်………

ချက်ကော့ဖ်ရဲ့
ကျီးကန်း ပြဇာတ် ကို မှီးပါသည်

-မှတ်စုကြမ်း #AungOo


ပန်းပုဆရာ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင်အစစ်နဲ့တောင်ခွဲဖို့ခက်လှပါတယ်။

တစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ သေမင်းက နောက်၁၅ရက်အကြာမှာ သူ့ကို လာခေါ်မယ်လို့အသေအချာပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။

ဒါနဲ့ သူနဲ့ပုံစံတူ ပန်းပုရုပ် (၉)ရုပ်ကို နေ့မနား ညမနားပြီးမြောက်အောင်ထုလုပ်ပါတော့တယ်။ သေမင်းလာခေါ်မယ့်နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူပန်းပု(၉)ရုပ်တွေကြားမှာရောပြီး ဝင်နေလိုက်တယ်။

သေမင်းဟာ ပန်းပုဆရာ(၁၀)ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာ ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြားမရတဲ့အတွက် အတော်အကြပ်ရိုက်သွားတယ်။

ပန်းပုဆရာကိုလဲ စိတ်ဆိုးဆိုးနဲ့ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက်ဟန်ဆောင်ထားနိုင်တဲ့အတွက် အရာမရောက်ဘူး။

အတန်ကြာစဉ်းစားပြီးတော့မှ သေမင်းက စကားတစ်ခွန်းပြောလိုက်တယ်။

"ပန်းပုဆရာ၊ သင့်ရဲ့ဒီပန်းပုရုပ်တွေဟာ တကယ့်ကိုအစစ်နဲ့မခြားအသက်ဝင်လှပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုရှိနေတာကိုတော့ သင်သတိမထားမိခဲ့ဘူး"

ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆထုလုပ်မှုအပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက်ဆိုတဲ့စကားကို မခံမရပ်နိုင်ဖြစ်သွားတယ်။

ဒါကြောင့် ရုပ်ထုတွေကြားထဲကထွက်ပြီးမေးလိုက်တယ်။
"ကျွန်တော့်အားနည်းချက်ဆိုတာ ဘယ်မှာလဲ ပြပါ"

သေမင်းက သူ့ကိုဖမ်းလိုက်တယ်။
ပြီးတော့ပြောလိုက်တယ်

"ဒီမှာပဲ"

တကယ်တော့ ရုပ်ထုတွေအားလုံးဟာ အားနည်းချက်မရှိအောင် ပြည့်စုံကောင်းမွန်လှပါတယ်။ ပန်းပုဆရာဟာ သူ့ရဲ့ပညာအပေါ်ထားတဲ့ မျက်မာန်ဒေါသကြာင့်ပဲ သေမင်းရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

သင်ခန်းစာ
---------
အတွေးအခေါ်တွေ၊ ပညာတွေဟာ ပြည်စုံကောင်းမွန်နေခဲ့ရင်တောင် ဒီပညာအပေါ်ထားရှိတဲ့ မာန်မာန၊ဒေါသတွေကြောင့် ကျရူံးသွားနိုင်ပါတယ်။

(ဘာသာပြန်ဆို ဖော်ပြပါသည်)

credit: English for all

- မှတ်စုကြမ်း #nayaung


အသဲကွဲသူနှင့် ဆိုကရေးတီး

အသဲကွဲသူနှင့် ဆိုကရေးတီး

ဂရိ အတွေးအခေါ် ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ် တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ် - ကျွန်တော် အသဲကွဲနေလို့။

ဆိုကရေးတီး - အော်... ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့် လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ။

လူငယ် - လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ။

ဆိုကရေးတီး - ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ။ ဒီ့ထက် ပိုချို တဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ် - တကယ်တော့ သူပြန်လာမဲ့နေ့ကို ကျွန်တော် စောင့်မျှော်နေမိတာပါ။

ဆိုကရေးတီး - တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ် - ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။

ဆိုကရေးတီး - ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ် - ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။

ဆိုကရေးတီး - ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ် - ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။

ဆိုကရေးတီး - တကယ် အရမ်းချစ်လား....?

လူငယ် - တကယ်။

ဆိုကရေးတီး - ကိုယ့်ချစ်တဲ့ သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ် - ဒါပေါ့။ ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။

ဆိုကရေးတီး - တကယ်လို့ လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော။

လူငယ် - မဖြစ်နိုင်တာ။ ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။

ဆိုကရေးတီး - အဲဒါက အရင်က ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ် - သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။

ဆိုကရေးတီး - ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူ နေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ် တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဆိုရင် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ် - နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလဟဿ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?

ဆိုကရေးတီး - မဟုတ်ဘူး လူလေးရဲ့။ အချစ်တွေ အလဟဿ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ် - ဒါပေမယ့် အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။

ဆိုကရေးတီး - ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ။ ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ။

လူငယ် - ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။

ဆိုကရေးတီး - ဟုတ်တယ်။ စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး။ ဒါကိုတော့ မှတ်ထားပါ။

လူငယ် - ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ။ ကျွန်တော့် အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက် တာ တောင် သူက မလုံလောက်လို့လား။ သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ။ ဒါဟာ ရက်စက် တယ်လို့ မထင်ဘူးလား။

ဆိုကရေးတီး - ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား။ လူလေး

လူငယ် - ပျော်ရမယ်။ မဖြစ်နိုင်တာ။ ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။

ဆိုကရေးတီး - မဖြစ်နိုင်တာ။ လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

ဆိုကရေးတီး - တစ်ခါက လူတစ်ယောက်ဟာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ယူမှာလား မယူဘူးလားတဲ့။ အဲဒီတော့ ဒီလူက ဘာပြန်ပြော လိုက်သလဲ သိလား။ အ၀တ်စက ညံ့လွန်းတယ်။ မယူဘူးတဲ့လေ။ တကယ်တော့ သူ့ အိတ်ကပ် ထဲမှာ ပိုက်ဆံမရှိလို့ ညံ့လွန်းတယ် တမင်ဖြေခဲ့တာ။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ် - ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။

ဆိုကရေးတီး - ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ၀မ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ တစ်စုံတစ်ရာနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ် - ဘယ်သူလဲ။

ဆိုကရေးတီး - အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ။ အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျုပ် မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာ တွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ် - ဒီလိုဖြစ်လာမယ့်နေ့ကို မျှော်လင့်မိပါတယ်။ ကျွန်တော်ဘယ်ကနေ ခြေလှမ်း စလှမ်း ရမလဲ။

ဆိုကရေးတီး  ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ် - ဘာဖြစ်လို့လဲ။

ဆိုကရေးတီး - သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

credit: Candle Light

- မှတ်စုကြမ်းမှ မျှဝေ ဖော်ပြသည်။ #kyawnge


Saturday, June 25, 2016

ဘ၀ကို အရှူံးပေးချင်နေပြီလား ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပါ

ဘ၀ကို အရှူံးပေးချင်နေပြီလား ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပါ။
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

အသက် ၅ နှစ်မှာ သူ့ ဖခင်ဆုံးတယ်
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြူတ်ပြန်တယ်
သူ ဥပဒေကျောင်းဝင်ခွင့်လျောက်တယ် မရဘူး
သူအာမခံကုမ်ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်
အသက် ၂၀ မှာ သူ့ မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့ အတူအိမ်ပေါ်ကဆင်းသွားတယ်
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်
မိန်းမနဲ့ ကွဲနေချိန်မှာ သူ့ သမီးကိုပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး ဒီလိုနဲ့ သူမိန်းမကို ကဓိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်

သူ စစ်တပ်ထဲ ၀င်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်
အသက် ၆၅  နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့ မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ ကို အဲဒီလိုမြင်တယ်လို့ သူခံစားရတယ်
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့ မတန်ဘူးဆိုပြီး သူ့ ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ ပြင်ပါတော့တယ်။ တာပေမယ့်သူ့ ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ ခဲ့ရတယ်။ တာပေမယ့်ရှားရှားပါးပါးသူ့ ရဲ့အားသာချက်လေးတစ်ခုသူတွေ့ မိတယ်။ အဲတာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့  $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့ လို အပ်တဲ့တာဆာပလာတွေကိုဝယ်ကာ သူ့ ရဲ့ ကြက်ကြော်ကို တအိမ်ဝင် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ ကိုယ်သူ့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့ သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်္ခန်းစာယူစရာများကတော့…
1/ အလုပ်တစ်ခုကို စတင်ဖို့ အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ် ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ ပါစေ ဘယ်တော့မှအရှူးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ၀ိရိယတွေရှိဖို့ လို တယ်
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်… သူများနဲ့ မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှရှိဘူး သူငယ်ချင်း…

#သန္တာချို


Wednesday, June 15, 2016

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

အရမ်းကိုမှောင်မည်းနေတဲ့ လမိုက်ညတစ်ညရဲ့ သန်းခေါင်ယံအချိန်၊ ခြံကျယ်ကြီးတစ်ခြံထဲက နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်မှာ လူ(၃)ယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါးပွင့်လာတဲ့အသံကို သူတို့(၃)ယောက်လုံး ပြိုင်တူကြားလိုက်ကြရတယ်။ သရဲသိပ်ကြောက်တဲ့သူက သရဲ သရဲ သရဲ ဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့၊ သရဲကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံးတစ်ယောက်ကတော့ တုတ်တုတ်မျှမလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော်လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံကွာသွားတာကို တွေ့ရပါလိမ့်မယ်။

အခက်အခဲဆိုတာကို စိတ်ညစ်စရာလို့မြင်ပြီး ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီးဖြစ်သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲ လို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘ၀မှာ လူအများလေးစားရသူဖြစ်လာတယ်။

ဆင်းရဲကြပ်တည်းတဲ့ မိသားစုကပေါက်ဖွားလာတာချင်း တူပေမဲ့ တစ်ယောက်က ဒါကို စိတ်ထွက်ပေါက်ပေးရင်းနဲ့ လူဆိုးလူမိုက်စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေအဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်းမရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ ပညာတတ်ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ရွေးချယ်လို့ရတာက အဲဒီအဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လိုခံယူချက်မျိုးထားပြီး တုံ့ပြန်မလဲဆိုတာပါပဲ။

အားလုံးလည်း သိကြ့ပီးသားပါ၊ ဒီနေ့ခေတ်မှာ ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိကကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ၅ခုရှိပါတယ်

၁။ မိမိကိုယ်ကို သိခြင်း (Self-awareness)

လူဆိုတာ ကိုယ့်ကိုကိုယ်အပြစ်မမြင်တတ်ပါဘူး၊ ကိစ္စတစ်ခုဖြစ်လာတိုင်း ကိုယ်သာမှန်တယ် ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှုဆက်ဆံရေးမှာတော့ အဲဒီအတ္တဟာ တကယ့်အတားအဆီးပါပဲ။

မြန်မာစကားပုံတစ်ခု ရှိပါတယ်၊ မရှိတာထက် မသိတာခက် ဆိုတာပါ။ လူဟာ ကိုယ့်ဘ၀ကိုယ်သိဖို့ သိပ်ကိုလိုအပ်ပါတယ်။ ဘ၀ဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။

မိမိကိုယ်ကိုသိခြင်း ဆိုတဲ့အထဲမှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခြင်းဆိုတာလည်း အကြုံးဝင်ပါတယ်။ အဲဒီလိုကိုယ့်ကိုကိုယ် သိမနေတဲ့သူတစ်ယောက်ဟာ အလုပ်အကိုင်ရွေးချယ်တဲ့အခါ ဒုက္ခရောက်တတ်သလို၊ ကိုယ့်ကိုကိုယ် ဘာလိုအပ်နေမှန်းမသိတော့ တိုးတက်ဖို့ လမ်းစနဲ့လည်း ဝေးဝေးသွားတတ်ပါတယ်။

၂။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်း (Self-regulation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့်တည်ဆောက်ယူရပါတယ်။

ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲရောက်လာတော့ ပရော်ဖက်ရှင်နယ်ပီသအောင် နေထိုင်ရပြန်ပါတယ်၊ အဆိုတော်တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်၊ အိပ်ရေးပျက်ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရတယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်အောင် စားရသောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံမရှိသေးတဲ့အချိန်မှာ အသစ်အဆန်းလိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချူပ်တည်းရသလို၊ ပိုက်ဆံတွေရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ်ရပြန်ပါသေးတယ်။

ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။

၃။ စိတ်ဓါတ်တက်ကြွခြင်း (Motivation)

Motivation = A passion to work for the reasons that go beyond money and status

အကြိုက်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေးကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေလာရှာနေတုန်း လို့ ရဲနှစ်ယောက်ကို မေးကြည့်လိုက်တဲ့အခါ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့အလုပ်က သိပ်ကိုအရေးပါတယ်၊ ကျွန်တော်တို့သာ တခုခုမှားယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေနစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကိုအန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည် (Performance) ဟာ တခြားစီဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် "သူ့အလုပ်ကိုသူ ဘယ်လိုသဘောထားလဲ" ဆိုတာပါပဲ။

၎။ လူမှုဆက်ဆံရေး (Social skill)

ခေါင်းဆောင်မှုစွမ်းရည်၊ စည်းရုံးလှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့စိတ်ဓါတ်၊ ဒါတွေအကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး လို့ပြောလိုက်ရင် လူတွေက စကားပြောကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့ အတွေ့အကြုံမရှိလို့ စသဖြင့် ကိုယ့်ကိုကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့အခါ လူတွေနဲ့ဆက်ဆံရ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင်သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရအဆင်မပြေတော့ပါဘူး။

လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့အလုပ်တွေအပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးပါပါတယ်။

၅။ ကိုယ်ချင်းစာတရား (Empathy)

ဆရာဦးရဲမြင့်ကျော် (စာရေးဆရာ လင်္ကာရည်ကျော်)က တပည့်တွေကို မကြာခဏပြောလေ့ရှိပါတယ်၊ ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ တဲ့။

ကျွန်တော် NGO မှာ အလုပ်စ၀င်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဆီက လစာတိုးပေးဖို့အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိကထားရတာလဲ၊ ပရဟိတစိတ်ကို အရင်းခံရမှာပေါ့ လို့တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့်ကိုမှီခိုစားသောက်နေတဲ့သူဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။ ဒါပေမဲ့ သူတို့ကျတော့ အဲလိုဟုတ်မနေဘူး၊ အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲလဲနေတာ၊ အမေဖြစ်သူက အဖေ့ကို ပြုစုရင်း ကလေးအငယ်လေးတွေကို စောင့်ရှောက်နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့်တက်စေခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာတစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲတွေကိုပါ နားလည်ပေးတတ်လာတယ်။ တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် အသက်သွေးကြောဆိုလည်း မမှားပါဘူး။

ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀%ကသာ ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်မှုကြောင့် ဖြစ်ပြီး ကျန် ၉၀%ကတော့ စိတ်ဓါတ်အရည်အသွေးအပါအ၀င် တခြားသော အကြောင်းအရာတွေကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူတွေကို လုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာဆို စာမေးပွဲဝင်ခွင့်အမှတ်လို ဥာဏ်ရည်ကို တိုင်းတာထားတဲ့ရလဒ်တွေနဲ့ လူတွေရဲ့အောင်မြင်မှုဟာ လုံးဝဆက်စပ်မှုမရှိဘူးလို့ကို ဖော်ပြထားတာပါ။

ကြားဖူးတာလေး ရှိပါတယ်

A bad attitude is like a flat tire, you can't go anywhere until you change it

အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။

ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓါတ်အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။

#Dr.Phio Thiha