Sunday, May 15, 2016

ခရစ်ဂါဒနာ

ခရစ်ဂါဒနာ - နေစရာ အိမ်မရှိတဲ့ဘဝမှ စတော့ရှယ်ယာပွဲစားလုပ်ရင်း မီလျံနာသူဋ္ဌေးဖြစ်သွားသူ

သူ မွေးပြီးစမှာ သူ့အဖေ အိမ်က ထွက်သွားပြီး ပြန်မလာတော့ဘူး။ အမေက နောက်ယောက်ျား ယူလိုက်တယ်။ ပထွေးက နှိပ်စက်တယ်။ အမေက ထောင် ၂ ခါကျလို့ မွေးစားသူတွေဆီမှာ ၂ ကြိမ်သွားနေရတယ်။ မွေးစားသူတွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရပြန်တယ်။ ကြီးလာတော့လဲ ကားပါကင်ခ မပေးဆောင်လို့ ထောင်ကျတယ်။ မိန်းမနဲ့ကွဲတယ်။ အလုပ်ကအဆင်မပြေလို့ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ နေစရာအိမ်မရှိလို့ ၎ နှစ်အရွယ်သားလေးနဲ့ အိုးအိမ်မဲ့သူတွေကို တညအိပ်ခွင့်ပေးတဲ့အစိုးရဂေဟာနဲ့ ဘူတာရုံကရေချိုးခန်းတွေမှာ ညအိပ်ခဲ့ရတယ်။ ဒီလောက် ဆင်းရဲဒုက္ခတွေရောက်၊ ကံဆိုးမိုးမှောင်ကျနေပေမဲ့လဲ နောက်ဆုံးမှာ သူဟာ အောင်မြင်တဲ့ စတော့ရှယ်ယာကုမ္ပဏီပိုင်ရှင်ဖြစ်လာခဲ့ပြီး မီလျံနာသူဋ္ဌေးတယောက်လဲ ဖြစ်လာခဲ့တယ်။ အဲဒီလို လူမျိုးတွေ့ဖူး၊ ကြားဖူးကြပါသလား။ တကယ်ရှိခဲ့တာပါ။ သူ့ နာမည်က ခရစ်ဂါဒနာ (Chris Gardner)ပါ။ လူမည်းအမျိုးသား တယောက်ပါ။ သူ့ဘဝအကြောင်းဟာ ရင်နာစရာတွေ၊ အတုယူစရာတွေ အများကြီးမို့ ရေးပြပေးလိုက်ပါတယ်။
===============================

မကြာခင်မှာပဲ ခရစ်ဟာ သူစောင့်စားနေတဲ့ အခွင့်အလမ်းတခု တွေ့လိုက်တယ်။ ရလာတဲ့ အခွင့်အလမ်းကို သူ မိမိရရ ဖမ်းဆုပ်ကိုင်လိုက်တယ်။ ဒါပေမဲ့လဲ အခွင့်အလမ်းဟာ သူ့လက်ထဲက ချောပြီးလွတ်ထွက်သွားတယ်။ ဖြစ်ပုံကဒီလိုပါ။ သူအရောင်းကိုယ်စားလှယ်အဖြစ် ကုမ္ပဏီတခုမှာ ရောင်းမဲ့ပစ္စည်း သွားပြပြီးလို့ ကားပါကင်မှာ ရပ်ထားတဲ့သူ့ကားနေရာဆီကို ပြန်လာတယ်။ သူဟာ ကားထဲကိုဝင်ပြီး ကားမောင်းမထွက်ခင်လေးမှာ တန်ဖိုးကြီးအဝတ်အစားကို သားသားနားနားဝတ်ထားတဲ့ လူတယောက်ဟာ အနီရောင် Ferrari ပြိုင်ကား လှလှလေးကို မောင်းရင်း ကားပါကင်နေရာလွတ် လိုက်ရှာနေတာကို တွေ့မိလိုက်တယ်။ ကားပါကင်နေရာ အားလုံးမှာ ရပ်ထားတဲ့ ကားတွေနဲ့ ပြည့်နေလို့ အဲဒီလူဟာ သူ့ကားရပ်ဖို့နေရာ ရှာမရဖြစ်နေတယ်။ ဒါကိုမြင်လိုက်တဲ့ ခရစ်ဟာ ကားပေါ်ကဆင်းပြီး အဲဒီ Ferrari ကားဆီကို လမ်းလျှောက်သွားလိုက်တယ်။ သူ အနားရောက်တော့ ကားပေါ်ကလူကို သူ့ကားထွက်တော့မှာမို့ သူ့နေရာမှာ ကားရပ်လို့ ရပါတယ်။ ဒါပေမဲ့ မေးခွန်းလေး ၂ ခု တော့ မေးချင်တယ်။ ဖြေပေးနိုင်ရင် ဖြေပေးပါလို့ တလေးတစားနဲ့ ပြောလိုက်တယ်။

ဟိုလူကလဲ ကားရပ်စရာနေရာရမယ်ဆိုတော့ ဝမ်းသာသွားပြီး သူ့နာမည် Bob Bridges လို့ ခေါ်ပါတယ်။ သိချင်တာမေးပါလို့ ပြန်ပြောတယ်။ ဒီတော့ ခရစ်က မေးလိုက်တယ်။ “ခင်ဗျား ဘာအလုပ်လုပ်ပါသလဲ။ အဲဒီအလုပ်ကို ဘယ်လိုလုပ်တာလဲ” ဆိုတဲ့ မေးခွန်းတိုလေး ၂ ခုပါ။ အမှန်က ခရစ်ဟာ ဈေးအင်မတန်ကြီးတဲ့ Ferrari  ပြိုင်ကားပိုင်ရှင်ဟာ ပိုက်ဆံချမ်းသာသူ တယောက်မှန်း သိနေလို့ ချမ်းသာအောင်လုပ်တဲ့နည်းကို သိချင်လို့ မေးကြည့်လိုက်တာပါ။ Bob က သူဟာ စတော့ရှယ်ယာပွဲစားတယောက်ဖြစ်ပြီး စတော့ရှယ်ယာရောင်းချင်သူနဲ့ ဝယ်ချင်သူတွေအကြား ဆက်သွယ်ပေးရင်း အလုပ်ဖြစ်ရင် ကော်မရှင်ခ ရတယ်လို့ ပြောပြတယ်။ နောက်ပြီး သူဟာ အဲဒီနယ်မြေမှာ ကော်မရှင်ပွဲခ အများဆုံး ရနေတဲ့ ပွဲစားတယောက်ဖြစ်နေပြီး သူ့ဝင်ငွေဟာ တလပျမ်းမျှဒေါ်လာ ၈၀,၀၀၀ လောက်ရှိတယ်လို့ ဆက်ပြောပြတယ်။ သူ့တလဝင်ငွေဟာ ခရစ်ရနေတဲ့ တနှစ်စာလခထက် အများကြီးပိုနေပါသေးတယ်။ အဲဒီမှာ ခရစ်ဟာ ရှယ်ယာပွဲစားဖြစ်ရင် ချမ်းသာနိုင်တယ်ဆိုတဲ့ အတွေးတခုကို ရလိုက်တယ်။

ဒီတော့ ခရစ် ဘာလုပ်သလဲ။ နောက်တနေ့မှာပဲ စတော့ရှယ်ယာပွဲစားကုမ္ပဏီတခုမှာ အလုပ်သွားလျှောက်တယ်။ သူ့လို စတော့ရှယ်ယာအကြောင်း နကန်းတလုံးမသိတဲ့ လူတယောက်ကို အဲဒီကုမ္ပဏီက ဘယ်အလုပ် ခန့်ပါ့မလဲ။ ဒါပေမဲ့ သူ လက်မလျှော့ပါဘူး။ စတော့ရှယ်ယာပွဲစားကုမ္ပဏီတွေကို တခုပြီးတခုသွားပြီး အလုပ်လျှောက်တယ်။ နောက်ဆုံးတော့ ကုမ္ပဏီတခုက သူ့ကို အလုပ်ခန့်မယ်လို့ ပြောလိုက်တယ်။ ခရစ်က “ငါကံကောင်းလာပြီ ဟေ့”လို့ သူ့ကိုယ်သူ ဟစ်အော်ကြွေးကျော်လိုက်တယ်။ အလုပ်သစ်မှာ ဝင်တောင် မဝင်ရသေးဘူး၊ အဲဒီနေ့မှာပဲ အရောင်းကိုယ်စားလှယ်အလုပ်က နူတ်ထွက်လိုက်တယ်။ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချပြီး ဖေါင်ဖျက်လိုက်တာပါ။ ချမ်းသာတော့မယ်ဆိုတဲ့ အတွေးနဲ့ ဝမ်းသာလွန်းလို့ အဲဒီညက သူ အိပ်မပျော်ပါဘူး။ ဒါပေမဲ့ ခရစ်ရဲ့ ကံဇာတာမကောင်းသေးပါဘူး။ နောက်တနေ့ အလုပ်ဝင်ဖို့ ကုမ္ပဏီကို သွားသတင်းပို့တဲ့အခါမှာ သူ့ကိုအလုပ်ခန့်လိုက်တဲ့လူဟာ အလုပ်ဖြုတ်ခံလိုက်ရလို့  ကုမ္ပဏီမှာ မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ သူ အလုပ်မရတော့ပါဘူး။ သူ့ကံဆိုးချက်က ဒီမှာတင် မရပ်သေးပါဘူး။

ရက်အနဲငယ်အကြာမှာ သူနဲ့ လက်မထပ်ပဲ အတူနေနေတဲ့ဂျက်ကီတို့ အော်ကြီးဟစ်ကျယ် စကားများကြတယ်။ အိမ်နီးချင်းတွေက ရဲစခန်းကို ဖုံးဆက်အကြောင်းကြားလို့ ရဲတွေ သူတို့အိမ်ကို ရောက်လာကြတယ်။ ရဲက ခရစ်ရဲ့မှတ်ပုံတင်နံပါတ်နဲ့ သူ့နောက်ကြောင်းရာဇဝင်ကို တိုက်စစ်ကြည့်လိုက်တော့ သူဟာ ကားပါကင်တွေမှာ ကားရပ်နားခ ဒေါ်လာ ၁,၂၀၀ ကို မပေးဆောင်ထားဘူးဆိုတာကို တွေ့ရတယ်။ ရဲက အဲဒီငွေကို ချက်ခြင်းပေးဆောင်ဖို့ ခရစ်ကိုပြောတယ်။ ခရစ်က သူ့မှာ လောလောဆယ် အလုပ်မရှိလို့ မပေးနိုင်သေးဘူး၊ နောက်မှပေးပါရစေလို့ တောင်းပန်ပြောပေမဲ့လဲ မရပါဘူး။ ရဲက သူ့ကို ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ နောက်တနေ့ မှာ တရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ ရက်အမိန့်ချလိုက်လို့  ခရစ် ထောင်ထဲရောက်သွားတယ်။

သူ ထောင်ကလွှတ်လာလို့ အိမ်ကိုလဲ ပြန်ရောက်ရော သူ့ မိန်းမဂျက်ကီဟာ သားလေး ခရစ္စတိုဖါကိုခေါ်ပြီး အိမ်က ထွက်သွားပြီဆိုတာ သိလိုက်ရတယ်။ နောက်တနေ့မှာ အိမ်ရှင်က အိမ်လခလာတောင်းတာ ပေးစရာ ပိုက်ဆံမရှိလို့ ငှားနေတဲ့ အိမ်ခန်းက ဖယ်ပေးလိုက်ရပြီး ဈေးပေါတဲ့ ဘော်ဒါဆောင်တခုမှာ သွားနေရတယ်။ နေစရာအိမ်မရှိ၊ အလုပ်မရှိ၊ အလုပ်မရှိတော့ ပိုက်ဆံမရှိ၊ ပိုက်ဆံမရှိတော့ စားစရာမရှိ၊ အဆိုးဆုံးက သူ အင်မတန်ချစ်ရတဲ့ သားလေးပါ အနားမှာမရှိတော့ သူရူးချင်သလို ခံစားနေရတယ်။ လောကကြီးမှာ သူ့လောက် ကံဆိုးသူရှိပါအုံးမလား။ တော်ရုံလူဆိုရင် စိတ်ဓါတ်ကျပြီး ဘဝကို လက်မြောက် အရှုံးပေးသွားပြီလို့ ထင်ပါတယ်။
===============================

၂၀၀၆ ခုနှစ်မှာ ခရစ်ကိုယ်တိုင်ရေးတဲ့ သူ့ဘဝအကြောင်းစာအုပ် “ပျော်ရွှင်မှုကိုရှာဖွေခြင်း” (The Pursuit of Happyness) ဟာ အမေရိကန်နိုင်ငံမှာ ရောင်းအကောင်းဆုံးစာအုပ်တအုပ် ဖြစ်လာခဲ့တယ်။ အဲဒီနှစ်ကုန်မှာပဲ ဟောလီးဝုဒ်ကလဲ နာမည်ကြီးလူမည်းရုပ်ရှင်မင်းသား Will Smith နဲ့ အဲဒီစာအုပ်ကို ရုပ်ရှင်ရိုက်ကူးပြသခဲ့တယ်။ ရုပ်ရှင်ကားနာမည်ကလဲ The Pursuit of Happyness ပါ။ ရုပ်ရှင်ထဲမှာ ခရစ်ရဲ့ အခြေအနေ အဆိုးဆုံးအချိန်ဖြစ်တဲ့ သူ့ သားလေးနဲ့  အစိုးရဂေဟာမှာ၊ ဘူတာရုံရေချိုးခန်းမှာ ညအိပ်ရပုံတွေ၊ ခရစ်တယောက် ကလေးတဖက်နဲ့  သင်တန်းတက်ရတာတွေ၊ နောက်ဆုံးမှာ ရှယ်ယာလိုင်စင်စာမေးပွဲ အောင်မြင်ခဲ့ပုံတွေကို သနားစဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးပြထားလို့ ရုပ်ရှင်ကားဟာ အရမ်းအောင်မြင်ခဲ့ပြီး အလွန်လဲဝင်ငွေကောင်းခဲ့ပါတယ်။
===============================

မကြာခင် ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့စာအုပ်ထဲက စာမြည်းလေး တပုဒ်ပါ။ စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူများ အကြောင်းပါ။ စာအုပ်နာမည်ကတော့ အပြီးသတ် မရွေးရသေးပါဘူး။

Credit-ဗန်းမော်သိန်းဖေ
၁၃-၀၅-၂၀၁၆


No comments:

Post a Comment