Sunday, May 15, 2016

ဂျာဒက်​ပါရမ်းမိုလိုင်း

တစ်ဦးတစ်ယောက်ရဲ့ စွမ်းအားနဲ့
လောကကြီးကို ပြောင်းလဲနိုင်တယ်ဆိုတာကို သံသယမဖြစ်ပါနဲ့.....

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အိန္ဒိယနိုင်ငံက အက်ဆမ်ဒေသမှာ ဂျာဒက်ပါရမ်းမိုလိုင်း ဆိုတဲ့ ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိခဲ့တယ်။
၁၉၇၉ ရေကြီးရေလွှမ်းမိုးမှုဟာ ဒီကောင်လေးနဲ့ သူ့ပတ်ဝန်းကျင်ကို အထူးခြားဆုံးပြောင်းလဲစေခဲ့တယ်။ ရေကြီးမှုဟာ မြွေအကောင်ရေပေါင်းများစွာနဲ့ တခြားတရိစ္ဆာန်မျိုးစုံကို မြစ်နှစ်ခုကြားက သောင်ပြင်ကြီးအပေါ် တင်ပစ်လိုက်တယ်။ သောင်ပြင်ပေါ်တင်ကျန်ခဲ့တဲ့ အကောင်တွေဟာ အပူဒဏ်နဲ့ ခိုနားစရာ သစ်ပင်တွေမရှိတာကြောင့် အားလုံးနီးပါး သေဆုံးကုန်ကြတယ်။

မိုလိုင်ကပြောတယ်" အဲဒီတုန်းက ကျွန်တော်တစ်ယောက်တည်း သေဆုံးသွားတဲ့ ရုပ်ကြွင်းတွေကို ရက်တော်တော်ကြာ လိုက်လံရှင်းလင်းခဲ့ရတယ်"
"ဒါဟာ တကယ်တော့ကပ်ဆိုးတစ်ခုလိုပါပဲ"

"အဲဒီအဖြစ်အပျက်ပြီးနောက်မှာ ကျွန်တော် သစ်တောဌာနကို သွားပြီး ဒီဒေသမှာ သစ်ပင်တွေစိုက်ပျိုးပေးဖို့တောင်းဆိုခဲ့သေးတယ်"

သူတို့ပြန်ဖြေတာက "ဒီဒေသမှာ ဘာသစ်ပင်မှ စိုက်လို့မဖြစ်ထွန်းဘူး ကောင်လေး"
"မင်းသိပ်စိုက်ချင်ရင်တော့ ဝါးပင်တွေကို ကြိုးစားစိုက်ကြည့်ပါလား"

"ဒီစကားတွေဟာ ကျွန်တော့်ကို အရမ်းနာကျင်စေခဲ့တယ်
ကူညီမယ့်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူး"
"ဒါပေမယ့် ကျွန်တော် အပင်တစ်ပင်ကို စစိုက်ခဲ့တယ်"
"အားတဲ့အချိန်တိုင်းလိုလို နှစ်ပေါင်း ၃၀ကြာအောင် အပင်တွေကို ဆက်တိုက်စိုက်နေခဲ့တာ"
လို့ မိုလိုင်က သူစိုက်ခဲ့တဲ့ သစ်ပင်တွေကိုကြည့်ရင်း အားပါးတရ ပြောပြတယ်။

အခုဆိုရင် ဘရာမားပူသရ မြစ်ပေါ်က သဲသောင်ပြင်ပေါ်မှာ မိုလိုင်းစိုက်ခဲ့တဲ့ အပင်တွေဟာ ၁၃၆၀ဧက (၅၅၀ ဟက်တာ) အကျယ်ရှိတဲ့ သစ်တောကြီး ဖြစ်လို့နေပါပြီ။ ဒီသစ်တောကြီးကိုလဲ တစ်ဦးတည်းသော စိုက်ပျိုးသူ မိုလိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မိုလိုင်းသစ်တောလို့ နာမည်ပေးထားပါတယ်။
မိုလိုင်းသစ်တောမှာ ဘန်ဂေါကျားတွေ၊ အိန္ဒိယကြံ့တွေ၊ သမင်ကောင်ရေ ၁၀၀ကျော်၊ယုန်တွေမျောက်တွေနဲ့ အတူ သဘာဝအနှစ်သာရနဲ့ ပြည့်စုံလို့နေပါတယ်။ နှစ်စဉ်ဆင်ကောင်ရေ ၁၀၀ကျော်ဟာ ဒီသစ်တောမှာ လာရောက်ကျင်လည်ကျက်စားကြတယ်။
သစ်တောစောင့်ကြည့်သတင်းပြုစုသူအသင်းရဲ့ ဖော်ပြချက်အရ မြစ်နှစ်ခုကြားက ကမ္ဘာ့အကြီးဆုံးသစ်တောတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုလိုင်းဟာ အခုဆိုရင် အသက်၄၇နှစ်ရှိပြီး အမျိုးသမီးနဲ့ ကလေးသုံးယောက်နဲ့အတူ မိုလိုင်းသစ်တောထဲမှာက တဲလေးထဲမှာနေပါတယ်။
အပင်တွေက်စိုက်ပျိုးရင်း နွားနို့ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိတယ်။

မိုလိုင်းရဲ့အကြောင်းကို ၂၀၁၃မှာ Forest Man ဆိုတဲ့ဇာတ်ကားအမည်နဲ့ ရိုက်ကူးပုံဖော်ခဲ့ပြီး Indian Documentary အစီအစဉ်မှာ forest life ဆိုပြီး ရိုက်ကူးတင်ဆက်ခဲ့ရာမှာ လူတစ်ဦးရဲ့ စွမ်းဆောင်နိုင်မှုနဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို ကမ္ဘာတစ်ဝှမ်းကြည့်ရှုသူတွေ တအံ့တသြဖြစ်ခဲ့ကြရတယ်။

source: Wikipedia
                Quora

#NayAung


No comments:

Post a Comment